Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

လူတိုင်း အလွယ်တကူ လုပ်နိုင်သော နာကျင်ကိုက်ခဲ ကာကွယ်နည်းလေးများ



             သန်မာတိုင်း ကိုယ်လက်နာကျင် သက်သာရာရသည် မဟုတ်။ နေတတ်မှ ကိုယ်လက် နာကျင်သက်သာရာ ရသည်။ နာတာကျင်တာ သက်သာ ရာရစေမည့် လက်တွေ့ ကျပြီး ထိရောက်သော နည်းလေးများကို အကြံပြု တင်ပြ ပါမည်။ ထူးထူး ထွေထွေ ထိခိုက်မိခြင်း မရှိပါဘဲ အလိုလိုနေရင်း မကြာ မကြာ ကိုယ်လက်နာတတ်သူများ အတွက်များစွာ အသုံးတည့်မည် ဖြစ်သည်။
များများလေး ရယ်။
                ရယ်မောခြင်းသည် ကိုယ်လက် ကိုက်ခဲနာကျင်မှု အတွက် တိုက်ရိုက် သောက်ဆေးတော့ မဟုတ်။ သို့သော်ဆေးနှင့် အလားတူ အကျိုးကား ရှိသည်။ စိတ်ဖိစီးမှုကို ကျစေသည်။ ကယ်လိုရီ လောင်ကျွမ်းအား ကောင်းစေသည်။ စိတ်ပျိုသဖြင့် ကိုယ်နုစေသည်။ ရယ်မောခြင်းကြောင့် စိတ်ပျော်ရာမှ တစ်ဆင့် ဦးနှောက်က အန်ဒိုဖင်းဓာတ် ထွက်သည်။ အန်ဒိုဖင်းသည် ကိုယ်လက်နာကျင် ကိုက်ခဲမှုကို သက်သာစေသော လူ့သဘာဝ ပစ္စည်းလည်း  ဖြစ်သည်။
ဆေးလိပ်တော့ဖြတ်။
                     လူတိုင်း ကျောအောင့်ခါးနာ ဖြစ်တတ်ကြသည်။ သို့သော် ဆေးလိပ် သောက်သူများက ပိုဖြစ်တတ်သည်ဟု လေ့လာမှု စစ်တမ်းများက ထောက်ပြ နေသည်။ ဆေးလိပ်သောက်ခြင်းသည် အရိုးအဆစ်များ အကြားက အခုအခံ ချပ်ပြားလေးများကို ပျက်စီးစေသလို အရိုးအဆစ်များ ကြားက အဆီဓာတ်ကို လည်းခန်းခြောက်စေ သဖြင့် ဆေးလိပ် သောက်သူများသည် မသောက်သူများထက် ကိုယ်လက် နာကျင်ကိုက်ခဲမှု ပိုဖြစ်တတ်သည်။

စိတ်ဖိစီးမှုကို ခပ်လှမ်းလှမ်းမှာ ထား။
                စိတ်ဖိစီးသည့်အခါ ခန္ဓာကိုယ်က ဘာလုပ်သနည်း၊ နှလုံး တဒုတ်ဒုတ်ခုန် လာသည်၊ အသက်ရှူ မြန်လာသည်။ ကြွက်သားတွေ တောင့်တင်း လာသည်။ တစ်ခုခုနဲ့ ထိခိုက်မိလို့ ခန္ဓာကိုယ်က တုံ့ပြန်ပုံနှင့် တစ်ထပ်တည်းဖြစ်သည်။ ဒါဆို စိတ်ဖိစီးမှုသည် လူကို တစ်ကယ် ဒဏ်ရာရစေခြင်းနှင့် ထပ်တူ ဖြစ်နေသည်။ သို့ဖြစ်ရာ စိတ်ဖိစီးမှုကို ခပ်လှမ်းလှမ်းမှာ ထားနိုင်ဖို့ လိုသည်။ စိတ်ဖိစီးသည့် အခါ သွေးထဲမှာ ကော်တီဇုန်းဟော်မုန်း တိုးလာသည်။ ကော်တီဇုန်းသည် နာကျင်မှုကို ပိုဆိုးဝါး စေသည်။ စိတ်ဖိစီးမှု တိုက်ဖျက်ရေး နည်းလမ်းများစွာ ရှိသည်။ တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ လမ်းလျှောက် ထွက်ခြင်း၊ တစ်ရေးအိပ်ခြင်း စသည် တို့သည် လူတိုင်း အလွယ်တကူ ကျင့်သုံးနိုင်သော စိတ်ဖိစီးမှု လျှော့ချရေး နည်းလမ်းကောင်းများ ဖြစ်သည်။ မည်သည့်နည်းကိုပဲ အသုံးပြုသည် ဖြစ်စေ အဓိကမှာ စိတ်ဖိစီးမှု လျော့ပါးအောင် ဆောင်ရွက်ရေး ဖြစ်သည်။
အိပ်ရေးဝအောင်တော့အိပ်။
                အိပ်စက်ခြင်းသည် မှတ်ဉာဏ်ကို ပိုကောင်းစေသည်၊ လူကို ပိုသွက်လက်ထက် မြက်စေသည်၊ ကျစ်လျစ်သွယ်လျအောင် အားပေးနိုင်သည်ဟု သုတေသနများက အတည်ပြုထားပြီး ဖြစ်သည်။ အိပ်စက်ခြင်း ကနောက်ထပ် အကျိုးပြုသည့် တစ်ချက်မှာ နာကျင်မှုကို သက်သာစေခြင်း ဖြစ်သည်။ လေ့လာ သုတေသနတစ်ခုတွင် ပါဝင်သူ တစ်စု ကိုနောက်တစ်စု ထက် နှစ်နာရီ ပိုအိပ်ခိုင်းသည်။ ထိုနှစ်စုကို အပူပစ္စည်းတစ်ခုကို လက်နဲ့ ဆုပ်ကိုင်ခိုင်းရာ အိပ်ရေးပိုဝသော အစုမှလူများသည် ကျန်အစုမှ လူများထက် အချိန် (၂၅) ရာခိုင်နှုန်း ပိုကြာကြာ ဆုပ်ကိုင်နိုင်ကြကြောင်း တွေ့ခဲ့ရသည်။
ချစ်ရသူတစ်ယောက် ရှိပါစေ။
                ချစ်ရသူတစ်ယောက် ရှိခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင်  စိတ်ဖိစီးမှုကို သက်သာစေသည်၊ ခန္ဓာကိုယ် ခုခံအားစနစ် ကို တက်စေသည်၊ လူသား၏ လိုအင်တစ်ခု ဖြစ်သော လိင်စိတ်ကို ထိန်းညှိပေးနိုင်သည်။ ထို့အပြင် ကိုယ်လက်နာကျင် ကိုက်ခဲမှုကိုလည်း သက်သာစေ သည်။ ၂၀၁၁ ခုနှစ်က ပြုလုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ်တွင် အမျိုးသမီး (၁၇) ဦး ပါဝင်ပြီး နှစ်လိုစွာ ချစ်ရသူရှိခြင်းနှင့် ကိုယ် လက်ကိုက်ခဲ နာကျင်မှု သက်သာခြင်းကြား ဆက်စပ်ချက်ကို လေ့လာထားသည်။ အမျိုးသမီးများကို နှစ်စု ခွဲသည်။ တစ်စုကို ကိုယ်လက်နာကျင် ကိုက်ခဲသည့် အချိန် များတွင် ချစ်သူ အမျိုးသား၏ ဓာတ်ပုံများ ပေးကြည့်သည်။ နောက်တစ်စုကို ပေးမကြည့်။ ထိုအခါ နာကျင်နှုန်းချင်းတူ လျှင်ပင် ချစ်သူ အမျိုးသား၏ ဓာတ်ပုံများ ကြည့်ခွင့်ရသော အမျိုးသမီးများသည် စိတ်ခွန်အားရရှိ ခြင်းကြောင့် နာကျင်မှု ဒဏ် ပိုခံနိုင်ရည် ရှိကြကြောင်း တွေ့ရသည်။ ဖြစ်စဉ်တွင် ဦးနှောက်၏ တုံ့ပြန်ပုံ ကိုပါ ထည့်သွင်း လေ့လာထားသည်။ ချစ်ရသူ၏ ဓာတ်ပုံများကို ကြည့်သည့် အခါ ဦးနှောက်အတွင်း လုံခြုံမှုကို ခံစားရသော နေရာ သည် တက်ကြွ လှုပ်ရှားလာသည်ကိုလည်း တွေ့ခဲ့ရသည်။ နောက်ထပ် တွေ့ရှိ ချက်ကား ချစ်သူနှင့် နှစ်ကြာကြာ ခိုင်မြဲစွာ လက်တွဲနိုင်လေ ချစ်သူ၏ ဓာတ်ပုံကို မြင်ရသည့် အခါလုံခြုံမှုကို ခံစားရသော နေရာသည် လှုပ်ရှား တက်ကြွမှု ပိုအားကောင်းလာကြောင်းလည်း သိရသည်။

အားရပါးရ ရေရွတ်တတ် ဖို့လည်း လိုသည်
                ခန္ဓာကိုယ်မှာ နာကျင်မှု တစ်ခုခု ခံစားရသည့်အခါ ပါးစပ်က တစ်ခုခုကို အားရပါးရ ရေရွတ်လိုက်ခြင်းသည် နာကျင်ဝေဒနာ ခံစားရမှုကို သက်သာစေနိုင်ကြောင်း သုတေသနများက ထောက်ပြနေသည်။ ၂၀၀၉ ခုနှစ်တွင် Scientific American မဂ္ဂဇင်းက ပြုလုပ် ထားသော လေ့လာမှု စစ်တမ်းတစ်ရပ်တွင် ကျောင်းသား (၆၉) ယောက် ပါဝင်သည်။ အလွန် အေးစက်နေသော ရေထဲသို့ လက်ကို နှစ်စေသည်။ တစ်စုကို ပါးစပ်က အသံထွက် ခွင့်မပေး။ နောက်တစ်စုကို ပါးစပ်က ရေရွတ် အော်ဟစ်ခွင့် ပေးထားသည်။ ရေရွတ်အော် ဟစ်ခွင့်ရသော ကျောင်းသားများသည် လက်ကိုရေထဲ စက္ကန့် လေးဆယ်နီးပါး ပိုကြာကြာ စိမ်ထားနိုင်ကြကြောင်း တွေ့ခဲ့ရသည်။ သတိထားရန် တစ်ခုတော့ရှိသည်။ တန်ဆေးလွန် ဘေးဆိုသော စကားအတိုင်း ဘာကြုံကြုံ ရေရွတ်အော်ဟစ်နေ တတ်သူများ၊ စကားတစ်လုံးကိုပဲ ခဏခဏသုံးကာ ရေရွတ်တတ် သူများ ကားထူးခြားသော အကျိုးမခံစားရ။ တစ်ကယ် နာကျင်မှု ခံစားရသည့် အချိန်တွင်မှ အားပါးတရ ရေရွတ်အော်ဟစ်ခြင်းသည်သာ နာကျင်မှုဒဏ် သက်သာအောင် ကူပေးနိုင်ကြောင်း တွေ့ရသည်။
လှုပ်လှုပ်ရှားရှားလေး လုပ်ပေး
              လှုပ်လှုပ်ရှားရှား သွားသွားလာလာ လုပ်ခြင်းဟာ ခန္ဓာကိုယ်ကို ပိုပင်ပန်းစေသည်၊ နာကျင် ကိုက်ခဲမှု ပိုဖြစ်စေသည်ဟု အထင်ရှိ သူများရှိသည်။ လက်တွေ့ တွင်ကား ဆန့်ကျင်ဖက် ဖြစ်သည်။ ကိုယ်လက် လှုပ်ရှားသွားလာခြင်းကို မလွန်ကျွံ စေရအောင်သာ ထိန်းသိမ်းပြီး လုပ်တတ်မည် ဆိုပါက ရှိနေ သည့် နာကျင် ကိုက်ခဲမှုများ ကိုပါ လျော့ကျ သွားအောင် ကူပေးနိုင်သည်။ လမ်းလျှောက် လေ့ကျင့်ခန်း၊  အပြေး လေ့ကျင့်ခန်း အပြင် အမျိုးမျိုးသော လေ့ကျင့်ခန်းများကို လုပ်ခြင်းသည် အန်ဒိုဖင်း ထွက်အောင်ခေါ်ယူခြင်း ဖြစ်သည်။ အန်ဒိုဖင်း ဓာတ်သည် ခန္ဓာကိုယ် အတွက် သဘာဝက ပေးထားသော ကိုက်ခဲပျောက်ဆေး ဖြစ်သည်။ သို့ဖြစ်ရာ လှုပ်လှုပ်ရှားရှား နေထိုင်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အန်ဒိုဖင်း ဓာတ်များထွက်ရှိကာ ကိုယ်လက် နာကျင် ကိုက်ခဲခြင်းများ ကျိန်းသေပေါက် လျော့ကျမည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန် လုပ်ဆောင်ခြင်းသည် ခန္ဓာကိုယ် ယောင်ယမ်းခြင်း များကို ဖြစ်စေသော ဆိုင်တိုခိုင်းဟု ခေါ်သည့် ဓာတ်ပစ္စည်းကိုလည်း ခန္ဓာကိုယ်ထဲ တွင်နည်းပါးနေအောင် ထိန်းပေးထားနိုင်သည်။
စားတတ် သောက်တတ်ပါစေ
                ခန္ဓာကိုယ်သည် ထိခိုက် ဒဏ်ရာရ၍ နာကျင် ခံစားရသည့် အခါ အသားတွေ ပူလာ ရောင်လာ နီမြန်းလာခြင်းနှင့် နောက်ဆက်တွဲ မအီမသာ ဖြစ်လာခြင်း များသည် ခံရခက်သည် မှန်သော်လည်း ထိုသို့ ဖြစ်ခြင်းသည်ကျ ရောက်လာသည့် ဝေဒနာများကို တုံ့ပြန်ရန် ခန္ဓာကိုယ်က ပြင်ဆင်ခြင်း ဖြစ်ကြောင်းလည်း နားလည် ကြရမည်။ သို့သော် ဘာမှ မဖြစ်ပါဘဲ ခန္ဓာကိုယ်က ပူနေခြင်း၊ နီမြန်းသည့် အကွက်များ ထွက်လာခြင်းကား လိုလားအပ် သော ကိစ္စမဟုတ်တော့။ ထိုသို့ ဖြစ်ခြင်းသည် နောက်ကွယ်က ကင်ဆာ၊ နှလုံး၊ အယ်လ်ဇိုင်းမား စသည့် ရောဂါများနဲ့ပါ ပတ်သက်နေ နိုင်သည်။ စားသောက်သည့် အစားအစာကြောင့် ခန္ဓာကိုယ် ကပူလာ နီမြန်းလာ ရောင်ရမ်းလာတာများ ဖြစ်တတ်သည်ကို သတိထားရမည်။ အိုမီဂါ သရီးအက် စစ်ဓာတ်ပေါ ကြွယ်ဝသော ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်ဥသစ်ဖု အစေ့အဆံများ၊ အဆီနည်းသော အသားများကို စားခြင်းသည် ခန္ဓာကိုယ် ယောင်ယမ်းခြင်းများမှ ကာကွယ် ပေးနိုင်စွမ်းရှိသည်။ အဆီများသော အသားများသည် အသားအရေ ယောင်ယမ်းခြင်း အနီကွက်များ ထွက်ခြင်းကို အဓိက ဖြစ်စေသည်။ နောက်ထပ် ရှောင်ရန်ကား အချို ဓာတ်လွန်ကဲစွာ စားခြင်း၊ အရက်သောက်ခြင်း တို့ဖြစ်သည်။
သီချင်း နားထောင်ပါ
        သီချင်း နားထောင်ခြင်းသည် ကိုယ်လက် နာကျင်ကိုက်ခဲ မှုများကို ခံနိုင်ရည်ပို ရှိစေကြောင်း ၂၀၁၃ ခုနှစ် အတွင်း ပြုလုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ် က ဖော်ပြ သည်။ နာကျင်ကိုက်ခဲဒဏ် ခံစားနေရသည့် အခါထိုဒဏ်ကို ချည်း စိတ်စိုက်ထားပါက စိုးရိမ်စိတ် ပါဝင်လာပြီး ဝေဒနာ ပိုဆိုး လာတတ်သည်။ ထိုအခါ အကောင်းဆုံး လုပ်ရန်ကား စိတ်ကို လမ်းကြောင်း လွှဲပေးရန်ဖြစ်သည်။ လမ်းကြောင်း လွှဲဖို့ အကောင်းဆုံး နည်းလမ်းမှာ မိမိ နှစ်သက်သော သီချင်းများကို နစ်မျော နားဆင်ခြင်း ဖြစ်သည်။ သီချင်း နားထောင်ခြင်း သာမက အခြားသော ဖျော်ဖြေရေးများ ကိုလည်း အသုံးချနိုင် သည်။ ဂိမ်းကစားနိုင်သည်။ ပဟေဋ္ဌိ အဖြေညှိနိုင်သည်။ ရုပ်ရှင်ကြိုက်သူက ကြည့်နိုင်သည်။ အဓိကမှာ စိတ်ကို အခြား တစ်နေရာသို့ နစ်မျောကာ လမ်းလွှဲ ထားခြင်းဖြင့် နာကျင်မှု ဒဏ်ကို စိတ်နဲ့ ပုံကြီးချဲ့မိခြင်းအား ကာကွယ်ရန် ဖြစ်သည်။ ၂၀၀၆ ခုနှစ်က ပြုလုပ်ထားသော လေ့လာမှု စစ်တမ်း တစ်ရပ်တွင် ကိုယ်လက် နာကျင်ကိုက်ခဲသူများကို နှစ်စု ခွဲလိုက်သည်။ တစ်စုကို ကိုယ်လက် နာကျင် ကိုက်ခဲနေစဉ် သီချင်း နားထောင်စေသည်။ နောက်တစ်စုကို ပေးနားမထောင်။ တစ်လကြာ စောင့်ကြည့်ခဲ့ရာ နာကျင် ကိုက်ခဲနေစဉ် သီချင်းနားထောင်ခွင့်ရ သူများသည် မရသူများထက် နာကျင် ကိုက်ခဲဒဏ် (၁၂) ရာခိုင်နှုန်းမှ (၂၁) ရာခိုင်နှုန်းထိ ပိုခံနိုင်ရည်ရှိ ကြကြောင်း တွေ့ခဲ့ရသည်။
အားလုံးပဲကျန်းမာကြပါစေ....
Ref: Totally Natural And Completely Unexpected Ways To Ease Pain (Huffington Post)

0 comments:

Post a Comment